slide web address
Drog down Menu
Thursday, 15 January 2015
အစားအစာထဲ ကြက်သွေးထည့်သွင်းအသုံးပြုမှု ထိုင်းအစိုးရတားမြစ်
ထိုင်းနိုင်ငံက အစားအစာ ထုတ်လုပ်တဲ့စက်ရုံတွေမှာ အစားအစာတွေထဲ ကြက်သွေးထည့်သွင်း အသုံးပြုတာကို ထိုင်းမွေးမြူရေးဖွံ့ဖြိုးမှုဌာနက ပိတ်ပင်တားမြစ်ထားတယ်လို့ ထိုင်းနိုင်ငံထုတ် သည်နေရှင်းသတင်းမှာ ဖော်ပြပါတယ်။
ဗစ်ဘရီယို ပါရာဟေမို လစ်တစ်ကပ်စ် ဆိုတဲ့ ဘက်တီးရီးယားဟာ အစာအဆိပ်သင့်မှု ဖြစ်စေပြီး၊ ကြက်သွေးကနေ လာတယ်လို့ ယူဆနေကြပါတယ်။ အစာအိမ်အူလမ်းကြောင်းကို ထိခိုက်စေတဲ့ ကူးစက်ရောဂါတွေ ဖြစ်နေတယ်ဆိုတဲ့ စစ်ဆေးချက်ကို အတည်ပြုဖို့ စောင့်ဆိုင်းနေစဉ်အတွင်း ကြက်သွေးကို အစားအစာတွေထဲမှာ အသုံးမပြုဖို့ တားမြစ်ထားတာပါ။
ချင်းမိုင်ခရိုင်ကနေ သတင်းပို့ထားတဲ့ ရောဂါကူးစက်မှုကိစ္စကို နခွန်ရာခ်ျစီမာ ခရိုင်က စက်ရုံတခုမှာ လိုက်ရှာခြေရာခံတွေ့ထားပေမယ့် ဘယ်တခုလဲဆိုတာကို တိတိကျကျ လိုက်ဖို့ လိုပါတယ်လို့ ထိုင်း မွေးမြူရေးဖွံ့ဖြိုးမှုဌာန ဒုတိယညွှန်ချုပ် ဆိုရာဗစ်တာနီတိုက ပြောပါတယ်။
ထိုင်းနိုင်ငံက စက်ရုံတွေမှာ သုံးစွဲထားတဲ့ စံနှုန်းတွေအပေါ် ယုံကြည်စိတ်ချထားပြီး သက်ဆိုင်ရာအာဏာပိုင်တွေကလည်း ဘက်တီးရီးယားရဲ့ မူလရင်းမြစ်ကို ရှာတွေ့နိုင်လိမ့်မယ်လို့ ယူဆထားကြောင်း ပြောပါတယ်။
ဗစ်ဘရီယို ပါရာဟေမို လစ်တစ်ကပ်စ် ဆိုတဲ့ ဘက်တီးရီးယားကို ရေချိုငါးတွေနဲ့ ကြက်ခြံတွေမှာ တွေ့ရနိုင်ပါတယ်။ ဒီဘက်တီးရီးယားအန္တရာယ် သတိပေးချက်ကြောင့် ခရိုင်ထဲက မူလတန်းကျောင်း အားလုံးမှာ ကျောင်းသားတွေရဲ့နေ့လယ်စာ အစားအသောက်စာရင်းထဲကနေ ကြက်သွေးကို ဖယ်ရှားလိုက်ဖို့ နခွန်ရာခ်ျစီမာခရိုင် ကျန်းမာရေးဌာနက မှာကြားထားပါတယ်။
ထိုင်းကျန်းမာရေးဝန်ကြီးဌာန ရောဂါကာကွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဆိုဖွန်း မိတ်ထောန်းကလည်း ဗစ်ဘရီယိုဘက်တီးရီးယားဟာ ကြက်ဆီထမင်း နဲ့ ကြက်သားထဲမှာ ပါဝင်တာမဟုတ်ဘဲ သူနဲ့တွဲဘက်စားသုံးတဲ့ သွေးခဲထဲမှာသာ ပါဝင်နိုင်တာမို့ နည်းလမ်းမှန်စွာ ပိုးသတ်ထားတဲ့ သွေးခဲကိုသာ ၀ယ်ယူစားသုံးကြဖို့ ဇန်န၀ါရီလ ၁၄ ရက်နေ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
အထူးသဖြင့် ဈေးထဲက၀ယ်ယူတဲ့ သွေးခဲကို ကျက်အောင်ပြန်ပြုတ်သင့်ကြောင်း ၊ ပြုတ်တဲ့အခါ အပူချိန် ၇၅ ဒီကရီဆဲလ်စီယပ် နဲ့ ၁၅ မိနစ်ကြာပြုတ်ပြီး စင်းနှီတုံးကို သီသန့်ထားကာ အနာရှိတဲ့ လက်နဲ့ မလှီးဖို့၊ ကိုင်တွယ်တဲ့အခါ လက်အိတ်စွပ်ဖို့ သတိပေးသွားပါတယ်။
By DVB News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment